အကယ်ဒမီက ကျွန်တော့်အတွက်မဟုတ်ခဲ့ရင်တောင် ကျွန်တော့်ရဲ့အနုပညာပေးဆပ်မှုမှန်သမျှ ပရိသတ်အတွက် ဖြစ်နေရမယ် နေတိုးနှင့်တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 7:05 PM



ဓာတ်ပုံ−ဇွဲဉာဏ်
အကယ်ဒမီဆန်ခါတင်ကားအများစု၌ ပီပီပြင်ပြင်သရုပ်ဆောင်ထားသည့် နေတိုးကို ပရိသတ်များက အကယ်ဒမီရနိုင်သည်ဟု ခန့်မှန်းပေးခဲ့သော်လည်း ဆုနှင့်လွဲချော်ခဲ့သည်။ ထိုသို့လွဲချော်ခဲ့သဖြင့် စိတ်မကောင်းဖြစ်မိကြောင်း နေတိုးက ဖွင့်ဟထားသည်။ အကယ်ဒမီပေးပွဲသည် အစပိုင်းတွင် ပျော်စရာကောင်းသော်လည်း နောက်ဆုံး၌ ရယ်စရာကောင်းသည်ဟု သုံးသပ်ထားသည့် နေတိုးကို အကယ်ဒမီနှင့်လွဲချော်ခဲ့သည့် ခံစားမှုအပါအဝင် ရုပ်ရှင်အစည်းအရုံးက ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် အကယ်ဒမီပွဲနှင့်ပတ်သက်၍ ၎င်း၏ခံစားချက်များကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး- အကယ်ဒမီပွဲမှာ အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆုကြေညာတဲ့သူက ကိုယ့်နာမည်မဟုတ်ဘဲ တခြားသူတစ်ယောက်ရဲ့နာမည်ကို ကြေညာလိုက်တဲ့အချိန် ဘယ်လိုခံစားခဲ့ရလဲ။

ဖြေ- စိတ်ထဲမှာ မျှော်လင့်ချက်ကြီးတော့ မထားထားပါဘူး။ အဲဒီအတွက် ဘယ်လိုပဲဖြစ်လာဖြစ်လာ ခံနိုင်ရည်ရှိပါတယ်။ ဆုကြေညာတဲ့အချိန်မှာ ကိုယ်မဟုတ်ခဲ့ပေမယ့်လည်း ဆုရတဲ့သူကို သွားပြီးဂုဏ်ပြုခဲ့တယ်။

မေး- အကယ်ဒမီပေးပွဲလုပ်မယ့် မနက်ကတည်းက ပရိသတ်တွေကို ဆုမရရင်ဖြေသိမ့်နိုင်ဖို့ ပြောခဲ့တာက အကယ်ဒမီနဲ့ပတ်သက်ပြီး တစ်ခုခုကြိုသိခဲ့လို့လား။

ဖြေ- ကြိုသိနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်စုံတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ပရိသတ်အနေနဲ့ ကျွန်တော့်ကိုရစေချင်တဲ့ အကယ်ဒမီ ကျွန်တော့်အတွက်မဟုတ်ခဲ့ရင်တောင် ကျွန်တော့်ရဲ့အနုပညာပေးဆပ်မှုမှန်သမျှ ပရိသတ်အတွက် ဖြစ်နေရမယ်။ ဒီဟာက ရင်ထဲမှာ အမြဲရှိပြီးသားစကားတစ်ခုပါ။ ဒီအချိန်မှ ထွက်လာတဲ့စကားတော့ မဟုတ်ပါဘူး။ အနုပညာလုပ်ကတည်းက ပရိသတ်ကို ပေးဆပ်ချင်လို့ပဲလုပ်ခဲ့တာဆိုတော့ ဒီစကားက ဒီအချိန်မှာပြောသင့်တဲ့ စကားလို့ထင်တယ်။ အကယ်ဒမီရခဲ့ရင်လည်း ပရိသတ်တွေပျော်ရွှင်မှုရှိသလို မရခဲ့ရင်လည်း ပရိသတ်တွေ စိတ်ခံစားရတာပြေပျောက်သွားနိုင်အောင်ပါ။ အဓိကကတော့ ကျွန်တော့်ရဲ့အနုပညာပေးဆပ်မှုတွေက ပရိသတ်အတွက်ပဲ ဖြစ်စေချင်ခဲ့တယ်။ အမြဲတမ်းလည်း ဒီလိုစိတ်မျိုးနဲ့လုပ်တယ်ဆိုတာ ပရိသတ်တွေကို သိစေချင်လို့ အဲဒီလိုပြောခဲ့တာပါ။

မေး- ဒီနှစ်အကယ်ဒမီက ရုပ်ရှင်လောကသားတွေ ရွေးချယ်ပေးတာဆိုတော့ ပိုပြီးတန်ဖိုးရှိတယ်လို့ အနုပညာရှင်တွေက ပွဲမတိုင်မီ သတ်မှတ်ထားကြတယ်။ ဆုပေးပွဲပြီးတဲ့အချိန်မှာကော အကယ်ဒမီက အရင်ထက်ပိုပြီးတန်ဖိုးရှိတယ်လို့  ခံစားမိသေးရဲ့လား။

ဖြေ- မေးခွန်းဆိုတဲ့သဘောက ပရိသတ်သိစေချင်တဲ့ မေးခွန်းတစ်ခုလို့ယူဆတယ်။ ဒီမေးခွန်း ဘာဖြစ်လို့ဖြစ်ပေါ်လာတာလဲ။ မေးစရာအကြောင်းရှိလို့ ဖြစ်ပေါ်လာတာလေ။ ဒီလိုမေးခွန်းမျိုးဖြစ်ပေါ်လာတဲ့အထိ လွဲမှားမှုလေးတွေရှိနေတယ်လို့မြင်တယ်။ ဒါက အများစုသိချင်နေတဲ့မေးခွန်းလည်းဖြစ်တယ်။ ပရိသတ်တွေကလည်း အစည်းအရုံးကပေးတဲ့နှစ်ကျမှ အရင်ထက်ပိုပြီးဆိုးသွားတယ်လို့ ပြောကြတယ်။ ဆုရွေးချယ်ပေးတဲ့ လူကြီးတွေဘက်ကလည်း အရည်အသွေးစိစစ်လိုက်တဲ့သဘောလို့ ပြောကြတယ်။ မျိုးစုံပဲပြောနေကြတယ်။ ဒီလိုမေးခွန်းဖြစ်ပေါ်လာတဲ့အထိဖြစ်တာက အနုပညာရှင်တွေအနေနဲ့ အမှတ်ပေးတဲ့ဥပဒေ၊ စည်းမျဉ်းတွေကိုသိဖို့လိုတယ်လို့မြင်တယ်။ ဥပမာ ဒီနှစ်မှာ အသံတို့၊ အရုပ်ရယ်၊ ဇာတ်ညွှန်းရယ် အဆင့်မမီဘူးလို့ပြောကြတယ်။ အဆင့်မမီဘူးဆိုတဲ့နေရာမှာ အဆင့်မီတာဘာဆိုတာ ကျွန်တော်တို့ကိုပြဖို့လိုတယ်။ နောက်နှစ်ကျရင် ဒီဟာကိုထုတ်ပြန်ပေးဖို့လိုတယ်လို့ထင်တယ်။ ဒါမှပဲ ပရိသတ်ရဲ့ ပြင်းထန်တဲ့ဝေဖန်မှုကနေ ကျော်လွှားနိုင်မယ်လို့ ယူဆမိပါတယ်။

မေး- အကယ်ဒမီပွဲအပြီးမှာ ကိုပြေကြီး ပရိသတ်တွေနဲ့ အစ်ကို့ပရိသတ်တွေကြားမှာ အငြင်းပွားနေကြတာ သတိပြုမိတယ်။ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ။ အဲဒီအတွက် ဒီစာမျက်နှာကတစ်ဆင့် အစ်ကို့ပရိသတ်တွေကို ဘာပြောချင်လဲ။

ဖြေ- အနုပညာရှင်တိုင်းကို ပရိသတ်ကချစ်ကြတယ်။ ရစေချင်ကြတာဆိုတော့ ဒီလိုအငြင်းပွားမှုတွေက အမြဲတမ်းဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ပွဲလုပ်တဲ့အချိန် ခဏမှာပဲဖြစ်တာ။ ဒါလည်း သဘာဝတရားတစ်ခုပါပဲ။

မေး- အကယ်ဒမီမရခဲ့ပေမယ့် ယောမင်းဆိုတဲ့ဇာတ်ကောင်က ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့တယ်။ ဒါရိုက်တာဝိုင်းကိုယ်တိုင်ကလည်း စေတန်ရဲ့ကချေသည်လို ဇာတ်ကားမျိုး နောက်ထပ်ဖန်တီးနိုင်ဖို့ မလွယ်ဘူးလို့ ပြောထားတော့ အစ်ကို့အနေနဲ့ အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

ဖြေ- စေတန်ရဲ့ကချေသည်ကို ပရိသတ်လည်း စိတ်ဝင်စားမှုရှိခဲ့တယ်။ ကာရိုက်တာကလည်း ကျွန်တော့်ရဲ့ဇာတ်ကောင်ကို ပြောင်းလဲပြီး ဒါရိုက်တာက ဖန်တီးထားတယ်။ အဲဒီဇာတ်ကောင်ကို ဒါရိုက်တာကိုယ်တိုင်လည်း ကြိုက်သလို ကျွန်တော်လည်းကြိုက်ခဲ့တယ်။ အဲဒီအတွက် အဲဒီဇာတ်ကောင်တစ်ခုအပေါ်မှာ ပရိသတ်အတွက် အနုပညာပေးဆပ်ရကျိုးနပ်တယ်လို့ မြင်ပါတယ်။

မေး- ဒီနှစ်အကယ်ဒမီပေးပွဲမှာ အတတ်ပညာဆုတော်တော်များများမပေးခဲ့တာ အစ်ကို့အနေနဲ့ ဘယ်လိုဖြစ်သင့်တယ်လို့ယူဆမိလဲ။

ဖြေ- စောစောကပြောသလို အဆင့်မမီဘူးဆိုတဲ့ အကဲဖြတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်လည်သုံးသပ်ချက်တွေမှာဖတ်ရတယ်။ ၅၀ ရာခိုင်နှုန်းမပြည့်ရင် အဆင့်မမီဘူး သတ်မှတ်တယ်။ အဲဒါကြောင့် မပေးခဲ့ဘူး။ ၁၀၀ ရာခိုင်နှုန်းက ဘယ်ဟာကို ရာခိုင်နှုန်းပြည့်တယ်ဆိုတာ လက်ညှိုးထိုးပြဖို့လိုတယ်။ ဒီလိုဟာမျိုးဖြစ်ရမယ်။ မင်းတို့ဟာက ဒီလိုဟာမျိုးမဖြစ်ခဲ့ဘူး။ အဲဒီလိုဆိုရင် မှန်တယ်။ လူတွေက ကြိုးစားမယ်။ ခုဟာက ပန်းတိုင်မရှိဘဲ ပြေးနေရသလို ဖြစ်နေတယ်။ မင်းမရောက်ဘူးဆိုတော့ ကျွန်တော်တို့က ဘယ်နေရာကိုရောက်အောင်သွားရမှန်းလည်း မသိဘူး။ ပြေးကြဟေ့ဆိုတော့ ပြေးကြတယ်။ ဒါပေမဲ့ ဘယ်နေရာကိုပြေးခိုင်းတာလဲ။ အဲဒီလိုပဲ အဆင့်မမီဘူးဆိုရင် အဆင့်မီတာဘာလဲပြောပြလေ။ အဲဒါကြောင့် အကယ်ဒမီပေးပွဲက နောက်ဆုံးမှာ ရယ်စရာကောင်းသွားတယ်လို့ပြောခဲ့တာ။ ခြောက်ဆုပဲပေးတယ်။ တခြားဆုတွေ ဘာကြောင့်ကျန်ခဲ့လဲဆိုတာ အဲဒီနေ့ကတည်းက အရမ်းနားထောင်ချင်ခဲ့တဲ့ စကားတစ်ခွန်းပါ။

မေး- အကယ်ဒမီရွေးချယ်ရေးအဖွဲ့တွေကပေးတဲ့ မဲအရေအတွက်ကိုမူတည်ပြီး ဆုံးဖြတ်တာက မျှတတယ်လို့ယူဆလား။

ဖြေ- ဘယ်အရာကို မဲနဲ့ဆုံးဖြတ်တာတော့ ကျွန်တော်မသိဘူး။ အဆိုးအကောင်းကို ဆုံးဖြတ်တာလား။ ဥပမာ နန်းကြီးသုပ်ကြိုက်တဲ့လူနဲ့ မုန့်ဟင်းခါးကြိုက်တဲ့လူရှိတယ်။ ဒီနေရာမှာ နန်းကြီးသုပ်ကြိုက်တဲ့သူက တစ်ဝိုင်းလုံးပြည့်နေရင် နန်းကြီးသုပ်ကိုဆုပေးရမှာလား။ မုန့်ဟင်းခါး၊ မုန့်ဟင်းခါးနဲ့ညီမျှဖို့လိုအပ်သလို နန်းကြီးသုပ်ကလည်း နန်းကြီးသုပ်နဲ့ညီမျှဖို့လိုတယ်။ မုန့်ဟင်းခါးက ပိုကောင်းနေပေမယ့် သူကမကြိုက်ဘူး။ အဲဒါကြောင့် နန်းကြီးသုပ်ပဲစားမယ်။ နန်းကြီးသုပ်က မုန့်ဟင်းခါးလောက်မကောင်းတာလည်းဖြစ်ရင်ဖြစ်မယ်။ အဲဒါကို နန်းကြီးသုပ်ကိုပေးလို့ မရဘူးလေ။ ဒီမှာ သဘောတစ်ခုက အကောင်းဆုံးပြုလုပ်ထားတဲ့အရာကို သိနိုင်ဖို့လိုတယ်။ ဒါကြောင့် အကဲဖြတ်တဲ့လူက နန်းကြီးသုပ်ရဲ့အရသာကိုလည်း စားဖူးရမယ်။ မုန့်ဟင်းခါးရဲ့အရသာကိုလည်း စားဖူးရမယ်။ အဲဒါမှ ဆုံးဖြတ်လို့ရမှာ။

မေး- ဒီနှစ်မပေးခဲ့တဲ့ ဆုတွေနဲ့ပတ်သက်ပြီး အကယ်ဒမီဆန်ခါတင်ပါတဲ့ ဇာတ်ကားတွေမှာ အဲဒီဆုတွေပေးလို့ရနိုင်တဲ့ဇာတ်ကားတွေရှိတယ်လို့ သုံးသပ်မိလား။

ဖြေ- အရှင်းဆုံးပြောရရင် မိုနိုနဲ့ စတီရီယိုရှိတယ်။ ဘယ်သူ့သွားမေးမေး စတီရီယိုကောင်းတယ်လို့ ပြောမှာပဲလေ။ မိုနိုခေတ်မှာတောင် အသံပိုင်းဆိုင်ရာကိုဆုပေးပြီး စတီရီယိုခေတ်ရောက်မှ အသံပိုင်းဆိုင်ရာကို ဆုမပေးဘူးဆိုတာက ကျွန်တော်တို့ဆုံးဖြတ်စရာမလိုဘူး။ ပရိသတ်တွေတောင်သိတယ်။ အစည်းအရုံးဥက္ကဋ္ဌကိုယ်တိုင်ကလည်း အရုပ်တွေ၊ အသံတွေ အရမ်းကိုဖွံ့ဖြိုးတိုးတက်လာတယ်လို့ပြောတယ်။ နောက်ပြီး အကယ်ဒမီဆန်ခါတင်ကားတွေ ကြည့်တဲ့အချိန်တုန်းကလည်း သရုပ်ဆောင်ကြီးတစ်ယောက်က ဒီဘက်ခေတ်မှာ အရမ်းတိုးတက်ပြောင်းလဲလာတာကို ဆန်ခါတင်ကားတွေကြည့်တဲ့အချိန်မှာ အားရကျေနပ်မိတယ်လို့ပြောတယ်။ အရင်ခေတ်ကဆိုရင် ရုပ်ရှင်မှာ အရုပ်၊ အသံမကိုက်တာတွေရှိတယ်။ အသံကိုလည်း တည်းဖြတ်ပြီး သေချာလုပ်ရတာဆိုတော့ တချို့ဟာတွေမှာ အသံနဲ့ပါးစပ်နဲ့ မကိုက်တာတွေရှိတယ်။ ဒီအချိန်မှာ အသံတွေရဲ့ကြည်လင်ပြတ်သားမှုရော၊ အရုပ်တွေရော အရမ်းကောင်းလာတယ်လို့ပြောခဲ့တော့ အရုပ်တွေ၊ အသံတွေအတွက် ဆုတွေပေးမယ်ထင်ခဲ့တယ်။ ဒါပေမဲ့ မပေးခဲ့ဘူး။

မေး- ၂၀၁၅ ခုနှစ်ထဲမှာ အနုပညာဖန်တီးမှုအသစ်တွေ မြင်ရမယ်လို့ ပြောထားတာဆိုတော့ ဘာတွေမြင်ရမယ်လို့ ပရိသတ်တွေကို အရိပ်အမြွက်ပြောထားချင်လဲ။

ဖြေ- ပရိသတ်တွေလည်းသိမှာပါ။ ရုပ်ရှင်ရိုက်တဲ့နေရာမှာ ပုံစံကွဲထွက်အောင် အမြဲရွေးရိုက်တယ်။ ရုပ်ရှင်ဆိုတာက အနုပညာသမားတစ်ယောက်ရဲ့သမိုင်းပဲ။ လူတစ်ယောက်ရဲ့သမိုင်းက လူတစ်ယောက်လုပ်တဲ့ အလုပ်အပေါ်မှာ မူတည်တယ်။ တိုက်ရိုက်လည်း အချိုးကျတယ်။ အနုပညာသမားတစ်ယောက်ရဲ့ သမိုင်းကို သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေ၊ သူသရုပ်ဆောင်ခဲ့တဲ့ ကာရိုက်တာတွေအပေါ်မှာပဲ တိုင်းတာတယ်။ ဘာဆုတွေရခဲ့တယ်။ ဘယ်နှခုနှစ်မှာတော့ ဆန်ခါတင်ဘယ်နှကားဝင်ခဲ့တယ်။ အဲဒီလိုသမိုင်းကြောင်းပေါ့။ ကျွန်တော်မြန်မာပြည်ရဲ့ မင်းသားတစ်ယောက်အနေနဲ့ ကျွန်တော့်ခေတ်မှာ ကျွန်တော်ပေးဆပ်လို့ရသလောက် အတတ်နိုင်ဆုံးခေတ်နဲ့ ဘယ်လိုရင်ပေါင်တန်းပြီး လုပ်နိုင်မလဲဆိုပြီးလုပ်တယ်။ ဒီနှစ်အတွက် ထူးခြားမှုတွေက ရုံတင်မယ့်ဇာတ်ကားတွေမှာလည်းရှိပါတယ်။

မေး- အနုပညာလောက,က သူငယ်ချင်းတော်တော်များများ စွံသွားပြီဆိုတော့ အစ်ကို့ရဲ့ မင်္ဂလာသတင်းရော ကြားရဖို့နီးပြီလား။

ဖြေ- ကျွန်တော့်သတင်းလည်း ကြားရမှာပါ။ မကြာတော့တဲ့အချိန်ပေါ့။

မေး- ၂၀၁၅ ကိုရောက်ပြီဆိုတော့ အစ်ကို့ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် နှစ်သစ်ကူးစကားလက်ဆောင်ပြောပေးပါဦး။

ဖြေ- နှစ်သစ်ကူးကတော့ အစစအရာရာပြောင်းလဲတိုးတက်တဲ့နှစ်တစ်နှစ်လို့ မြင်မိပါတယ်။ တချို့ကဏ္ဍတွေမှာ မှန်ကန်တဲ့ပြောင်းလဲမှုတွေရှိသလို လိုအပ်နေတဲ့ပြောင်းလဲမှုတွေလည်းရှိတယ်။ ပြောင်းတော့ပြောင်းလဲနေတာဆိုတော့ ပရိသတ်တွေ၊ ပြည်သူတွေအနေနဲ့ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ။ လိုအင်ဆန္ဒတွေပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါတယ်။

ကျေးဇူးတင်ပါတယ်။

http://7daydaily.com/story/29076#.VLEbYCuUewg