အချက်ပြလှိုင်း အချို့ကို အဲအေးရှား လေယာဉ်ပျက် ရှာဖွေသည့်အဖွဲ့ ဖမ်းယူရရှိ

ပို့စ်တင်ချိန် - 3:00 PM



အဲအေးရှား လေယာဉ်ပျက်ကို လိုက်လံရှာဖွေနေသော အဖွဲ့များက အချက်ပြ ထုတ်လွှင့်မှု လှိုင်းအချို့ကို ဖမ်းယူ ရရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ အချက်ပြလှိုင်းများသည် ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့သည့် အဲအေးရှား လေကြောင်း ခရီးစဉ်အမှတ် QZ8501၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ (Black Box)များမှ ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ တိတိကျကျ မသိရသေးချေ။ အင်ဒိုနီးရှား စစ်ဘက် အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုလ်ဒိုကိုက ရေတပ်မှ ရေငုပ်သမားများကို အဆိုပါ အချက်ပြလှိုင်း ထွက်ပေါ်ရာ နေရာသို့ စုံစမ်းစစ်ဆေးရန် စေလွှတ်ထားကြောင်း သတင်းထောက်များအား အသိပေးခဲ့သည်။

လေယာဉ်၏ အမြီးပိုင်းကို ရေအောက်တွင် ရှာဖွေ တွေ့ရှိခဲ့သော်လည်း မူလ ခန့်မှန်းထားသလို Black Box များသည် လေယာဉ်အမြီးတွင် ရှိနေရန် မသေချာကြောင်းလည်း မိုလ်ဒိုကိုက ဝန်ခံသည်။ Airbus A320-200 အမျိုးအစား လေယာဉ်သည် ဒီဇင်ဘာ (၂၈)ရက်က အင်ဒိုနီးရှားမှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် လေယာဉ် ပျက်ကျခြင်းဟု အတည်ပြုနိုင်ခဲ့ပြီး လေယာဉ်ပေါ် ပါသွားသူ (၁၆၂)ဦးစလုံး အသက်ဆုံးရှုံးခဲ့ကြောင်း ကယ်ဆယ်ရေးများက ယူဆထားသည်။

“လောလောဆယ် အချက်ပြလှိုင်းတွေ ထုတ်လွှတ်နေတဲ့ နေရာဟာ လေယာဉ်အမြီးပိုင်း ရှာတွေ့ခဲ့တဲ့ နေရာနဲ့ သိပ်မဝေးဘူးလို့တော့ အစီရင်ခံစာ ရထားပါတယ်”ဟု မိုလ်ကိုဒိုက ဆိုသည်။

လေယာဉ်၏ နောက်ဘက် အစိတ်အပိုင်းများကို အဝေးထိန်း စနစ်ဖြင့် မောင်းနှင်သော ရေငုပ်သင်္ဘောငယ် တစ်စီးက ဇန်နဝါရီ (၇)ရက်တွင် ရှာဖွေ တွေ့ရှိခဲ့သည်။ အင်ဒိုနီးရှား အာဏာပိုင်များက အဆိုပါ လေယာဉ် အစိတ်အပိုင်းသည် ပြောင်းပြန် အနေအထား ရှိနေပြီး ပင်လယ်ကြမ်းပြင်တွင် တစ်ဝက်တစ်ပျက် နစ်မြုပ်နေပြီး ကျိုးပဲ့ပျက်စီးနေကြောင်း ပြောကြားထားသည်။

_Ref: BBC
http://7daydaily.com/story/28982#.VK-ORSuUewg