သပိတ်မှောက်ကျောင်းသားများကို မြင်းခြံရဲစခန်းတွင်အမှုဖွင့်

ပို့စ်တင်ချိန် - 3:46 PM



ကျောင်းသားများကို မြင်းခြံအထွက်မှစ၍ လုံခြုံရေးတာဝန်မယူတော့ဟု တာဝန်ရှိသူကပြော၊ တောင်သာတွင် တားဆီးနေသူများ စောင့်ဆိုင်းနေဟု သတင်းများထွက်ပေါ်

အမျိုးသားပညာရေးဥပဒေကို မန္တလေးမှ ရန်ကုန်ထိ ခရီးရှည်ချီတက်သပိတ်မှောက်သော ကျောင်းသားများ ဇန်နဝါရီ ၂၆ ရက်က မြင်းခြံမြို့တွင်း ဆန္ဒပြနေစဉ် (ဓာတ်ပုံ − ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)

အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်သော ကျောင်းသားများ မြင်းခြံမြို့သို့ ရောက်ရှိစဉ် မြင်းခြံဒီဂရီကောလိပ်အတွင်းရှိ နိုင်ငံတော်အလံကို ဖြုတ်ချပြီး ကျောင်းသားသမဂ္ဂအလံ လွှင့်ထူခဲ့ခြင်းကြောင့် မြင်းခြံရဲစခန်းက နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း နိုင်ငံပိုင် ရုပ်သံသတင်းမှ ထုတ်လွှင့်ကြေညာခဲ့သည်။

နိုင်ငံတော်အလံကိုဖယ်ရှား၍ ကျောင်းသားသမဂ္ဂအလံကို လွှင့်ထူခဲ့ခြင်းမှာ မှန်ကန်ပြီး အမှုဖွင့်ထားခြင်းကိုမူ မသိရှိသေးကြောင်း သပိတ်မှောက်ကျောင်းသားများကပြောသည်။ မြင်းခြံ ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာကိုကိုမြင့်နှင့် ဆရာ၊ ဆရာမများက ကျောင်းတွင်းသို့ မ၀င်ရန် တားမြစ်ခဲ့သော်လည်း ကျောင်းသားများက အတင်းဝင်ရောက်၍ ကျောင်းအတွင်း စိုက်ထူထားသည့် နိုင်ငံတော်အလံကို ဖြုတ်ချကာ ကျောင်းသားသမဂ္ဂအလံကို လွှင့်ထူလိုက်ခြင်းကြောင့် မြင်းခြံရဲစခန်းက အမှုဖွင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်း ယမန်နေ့ညက ထုတ်လွှင့်သော မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား သတင်းတွင်  ကြေညာခဲ့သည်။

အမှုဖွင့်ထားသည့် ကျောင်းသားအရေအတွက်နှင့် ပတ်သက်၍  မြင်းခြံရဲစခန်းသို့ ဇန်န၀ါရီ ၂၆ ည ၁၀ နာရီခန့်တွင်  ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲအရာရှိက ဖြေကြားခြင်းမရှိပေ။

သပိတ်မှောက်ကျောင်းသားများက နိုင်ငံတော်အလံကို ဖြုတ်ချနေစဉ် (ဓာတ်ပုံ − MOI)



ဇန်န၀ါရီ ၂၀ရက်မှစတင်ပြီး မန္တလေးမြို့မှ ထွက်ခွာလာသည့် ကျောင်းသားအဖွဲ့သည် ခုနစ်ရက်မြောက်နေ့တွင် ယခုကဲ့သို့ မြင်းခြံ မြို့တွင် အာဏာပိုင်များက စတင် အမှုဖွင့် အရေးယူခဲ့ခြင်း  ဖြစ်သည်။

ထို့အပြင် ကျောင်းသားများ တည်းခိုနေသည့် စွန်းလွန်းဂူကျောင်းသို့ မြင်းခြံရဲစခန်းမှ တာဝန်ရှိသူများက ယမန်နေ့(ဇန်န၀ါရီ ၂၆ ရက်)ည၌ သပိတ်မှောက်ကျောင်းသားများအား ၎င်းတို့အနေဖြင့် လုံခြုံရေးအရ တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း လာရောက် ပြောဆိုသွားခဲ့သည်ဟု သပိတ်မှောက် ကျောင်းသားများကဆိုသည်။

‘‘မြင်းခြံမြို့ပတ်ဝန်းကျင်မှာ  မြင်းခြံရဲစခန်းက ရဲတွေကို တပ်လှန့်ထားတယ်။ ကြားတဲ့သတင်းက ည ၂နာရီထိုးမှာ တည်းနေတဲ့ စွန်းလွန်းဂူကျောင်းကို ၀င်စီးမယ်လို့ကြားထားတယ်’’ ဟု ဒီမိုကရေစီပညာရေးဦးဆောင်လှုပ်ရှားမှု ကော်မတီဝင် ကိုမင်းသွေးသစ်က  7Day Dailyမှ ည ၁၀ နာရီအချိန် ဆက်သွယ်မေးမြန်းမှုကိုဖြေကြားသည်။

မြင်းခြံစွန်းလွန်းဂူကျောင်းတွင် ဇန်န၀ါရီ ၂၆ရက်က သပိတ် မှောက် ကျောင်းသား  တစ်ရာကျော် တည်းခိုနေပြီး ဇန်န၀ါရီ ၂၆ ရက်  တစ်ရက်လုံး မြင်းခြံမြို့တွင်း လှည့်လည်သပိတ်မှောက်ပွဲ ဆင်နွှဲရာ ဒေသခံ ကျောင်းသားသုံးရာကျော်နှင့် မြို့ ခံတစ်ထောင်ကျော် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ သပိတ်မှောက်ကျောင်းသားများက အဖမ်းမခံရမချင်း ဆက်လက်ချီတက်မည်ဖြစ်ပြီး ရန်ကုန်တွင် သပိတ်စခန်းဖွင့်၍ တောင်းဆိုမှုများပြုလုပ်သွားမည်ဟု ကိုမင်းသွေးသစ်ကဆိုသည်။

သပိတ်မှောက်ကျောင်းသားများက ကျောင်းသားသမဂ္ဂအလံကိုလွှင့်ထူပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − MOI)



‘‘အခုအချိန်ထိတော့ မြို့ထဲမှာ တည်တည်ငြိမ်ငြိမ်ပါပဲ။ စွန်းလွန်းဂူကျောင်းဘက်က ကျွန်တော်ပြန်လာတာ အားလုံးအေးဆေးပါပဲ’’ဟု မြင်းခြံဒေသခံတစ်ဦးက ည ၁၀ နာရီခွဲတွင် ပြောကြားသည်။

သပိတ်မှောက်ကျောင်းသား များကမူ စွန်းလွန်းဂူကျောင်းအနီး တစ်ဝိုက်တွင် မြို့ခံအချို့က လာရောက်စောင့်ကြည့်အားပေးနေပြီး ညလုံးပေါက်စောင့်ဆိုင်းပေးဖွယ်ရှိကြောင်း ကျောင်းသားများက ခန့်မှန်းပြောဆိုသည်။

အဆိုပါအဖွဲ့သည် ယခုညတွင် ဖမ်းဆီးခြင်းမခံရပါက ဇန်န၀ါရီ ၂၇ ရက်၌ မြင်းခြံမှ တောင်သာသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

အင်တာနက်လူမှုကွန်ရက် စာမျက်နှာများနှင့် ပြင်ပတွင် အဆိုပါကျောင်းသားအဖွဲ့ကို ရဲတပ်ဖွဲ့အပါအ၀င် ပြီးခဲ့သည့်အစိုးရလက်ထက်က စွမ်းအားရှင်ဟုလူသိများသည့် အမည်မသိလူတစ်စုကလည်း ပိတ်ဆို့အကြမ်းဖက်မည်ဟု သတင်းများလည်း ထွက်ပေါ် လျက်ရှိသည်။

သပိတ်မှောက်ကျောင်းသား  အဖွဲ့ကမူ တောင်သာမြို့သို့ ဆက်လက်ထွက်ခွာရာတွင် ပိတ်ဆို့တားဆီးမည့်သူများရှိသည့် အကြောင်းကို သတင်းသာရရှိထားပြီး တိတိကျကျမသိရှိသေးဟုဆိုသည်။

သိပိတ်မှောက်ကျောင်းသားများ၏ နောက်ဆုံးအခြေအနေကို ည ၁၂နာရီအထိ ဆက်သွယ်မေးမြန်းမှုများအရ ကျောင်းသားများမှာ ဇန်န၀ါရီ ၂၇ရက်တွင် တောင်သာမြို့သို့ ချီတက်မည့် လမ်းကြောင်းကို စုရုံးတိုင်ပင်ဆွေးနွေးလျက်ရှိပြီး မြို့၏အခြေအနေနှင့် ဘုန်းကြီးကျောင်းအနီးတစ်ဝိုက်တွင်လည်း တည်ငြိမ်နေဆဲဖြစ်ကြောင်း သပိတ်မှောက်ကျောင်းသားများနှင့် ဒေသခံများကပြောသည်။ ဇန်န၀ါရီ ၂၀ရက်မှစတင်ကာ မန္တလေးမြို့ အိမ်တော်ရာ ၁၄  ခန်းဇရပ်အနီးမှ စတင်ထွက်ခွာ လာသော ကျောင်းသားသပိတ်အဖွဲ့သည် ဇန်န၀ါရီ ၂၅ရက် ညနေ ၆ နာရီခန့်တွင် မြင်းခြံမြို့သို့ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံဒေသအနှံ့မှ ချီ တက်လာမည်ဖြစ်သောမြေလတ်ဒေသ ကျောင်းသားသပိတ် စစ်ကြောင်း၊ ဧရာဝတီ သပိတ်စစ်ကြောင်း၊ ထားဝယ် သပိတ်စစ်ကြောင်းတို့နှင့် ပူးပေါင်းကာ ရန်ကုန်မြို့၌ သပိတ်စခန်းဖွင့်မည်ဖြစ်ကြောင်း ကျောင်းသားသပိတ် ကော်မတီက ကြေညာထားသည်။

7daydaily.com