သတိထားရမည့် ကလစ်နှိပ်၍ ဂုဏ်သိက္ခာလုပ်ကြံခြင်း

ပို့စ်တင်ချိန် - 4:47 PM

ဖေ့စ်ဘွတ်ခ်ပေါ်မှ ပုဂ္ဂိုလ်ရေးလုပ်ကြံမှုများ လျော့နည်းရန်မှာ သုံးစွဲသူများ တွေးတောဆင်ခြင်နိုင်စွမ်းမြင့်မားပြီး အယုံမလွယ်ကြရန်လိုသည် (ဓာတ်ပုံ − နစ်ကီ)



အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်၍ မန္တလေးမှ ရန်ကုန်သို့ ခြေလျင်သပိတ်ဆင်နွှဲနေသော ကျောင်းသားသပိတ်အရှိန်မြှင့်လာချိန်တွင် လူမှုကွန်ရက်၌ သပိတ်မှောက်ကျောင်းသားများနှင့် ပတ်သက်သည့် သတင်းများ ချက်ချင်းထွက်ပေါ်လာသည်။

အလှူငွေများ ပျောက်ဆုံးခြင်း၊ ကျောင်းသားများ အရက်သေစာသောက်စားခြင်းနှင့် အချင်းချင်းရန်ဖြစ်ပြီး ခြေလျင်သပိတ်အစား ညပိုင်းတွင် ကားခိုးစီးသွားရန် ကျောင်းသားအချို့ ကြံစည်နေခြင်း စသည့် ပုံဖျက်သည့် သတင်းများနှင့် ပတ်သက်၍ ကျောင်းသားသပိတ်ခေါင်းဆောင်များ၏အမည်များ၊ သပိတ်စစ်ကြောင်းဓာတ်ပုံများကိုသုံးစွဲ၍ လုပ်ကြံသတင်းဖြန့်ဝေမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ယင်းလုပ်ကြံသတင်းများကို အချိန်မီကြေညာချက်များ ထုတ်ပြန်ခဲ့သဖြင့် သပိတ်ကို သေးသိမ်အောင်လုပ်သူတို့၏ အကြံမှေးမှိန်သွားခဲ့ရသည်။

မြန်မာနိုင်ငံ၌ တွင်ကျယ်စွာသုံးစွဲနေသော လူမှုကွန်ရက်စာမျက်နှာတွင် ကလစ်တစ်ချက်နှိပ်ရုံဖြင့် လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၊ လှုပ်ရှားမှုတစ်ခုတို့ကို ဝေဖန်တိုက်ခိုက်အပုပ်ချလိုသူတို့က အကောင်းဆုံးဝါဒဖြန့်နိုင်သည့် ကြားခံနယ်မြေတစ်ခုအဖြစ် သုံးစွဲနေသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော အကောင့်တု၊ အကောင့်ပုန်းများဖြင့် ဆိုက်ဘာစစ်ပွဲဆင်နွှဲနေသည့် အကောင့်များစွာရှိကြောင်း ပြည်တွင်းအမုန်းစကား စောင့်ကြည့်ရေးအဖွဲ့များက ဖေ့စ်ဘွတ်ခ်နှင့် ဂူးဂဲလ်ကုမ္ပဏီများထံ တင်ပြခဲ့သော်လည်း ယနေ့အထိ အကြောင်းမထူးသေးပေ။

ကျောင်းသားသပိတ်လှုပ်ရှားမှုကို သေးသိမ်အောင် အွန်လိုင်းတွင်ရော အပြင်မှာပါ မရိုးသားသူတို့၏ လုပ်ကြံမှုကြောင့် ယခင်က ကျောင်းသားသပိတ်ကိုပင် စိတ်မ၀င်စား၊ အမျိုးသားပညာရေးဥပဒေကိုပင် မသိနားမလည်သည့် စာသင်ခန်းထဲက ကျောင်းသားများပင်လျှင် ကျောင်းသားသပိတ်နှင့် တစ်သွေးတည်းတစ်သားတည်း ဖြစ်တည်လာကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ယာယီအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ မအိဆွေမြတ်ကပြောကြားသည်။

‘‘ပြည်သူ့အာဏာ’’လို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကနေ မဟုတ်ကဟုတ်ကတွေ ရေးနေတာတွေတွေ့တယ်။ ကျွန်မတို့ကျောင်းသားတွေက ကျောင်းခန်းထဲမှာ အေးအေးဆေးဆေး စာပဲသင်ချင်နေကြတာ။ လမ်းပေါ် ဘယ်သူကမှ မထွက်ချင်ဘူး။ ဒါပေမဲ့ မထွက်မဖြစ်လို့ ထွက်ရတာ။ ကျောင်းသားတွေဒုက္ခခံပြီးသွားရတဲ့ လမ်းကြောင်းမှာ ဒီဘာမဟုတ်တဲ့ ပိုက်ဆံကိစ္စကြောင့် အချင်းချင်းရန်ဖြစ်တယ်ဆိုတာ ရယ်စရာကြီး။ တစ်နည်းအားဖြင့် ကျွန်မတို့မလုပ်ဘူးဆိုတာ ပြည်သူကို သူတို့မီးမောင်းထိုးပြလိုက်တာပဲ။ အရင်က ဒီသပိတ်ကို လူတွေစိတ်မ၀င်စားဘူး။ အမျိုးသားပညာရေးဥပဒေဆိုတာကိုလည်း လူတွေမသိဘူး။ အခုသူတို့ လုပ်ပေးနေတဲ့အတွက် ဒီသပိတ်ကို လူတွေက စိတ်ဝင်စားလာတယ်။ ဒါအရှုံးထဲက အမြတ်ပဲ’’ဟု မအိဆွေမြတ်က တက်ကြွစွာဖြင့်ပြောကြားသည်။

ပြည်သူ့အာဏာနှင့် မြန်မာအွန်လိုင်းနယူးစ် (Myanmar Online News) စသည့်နာမည်များဖြင့် စာမျက်နှာများတွင် သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများအား ဝေဖန်တိုက်ခိုက်ခြင်းတို့နှင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကို ဦးတည်သည့် လှုံ့ဆော်မှုများ မကြာခဏ တွေ့မြင်နေရသည်။ သို့သော် ယင်းအကောင့်များကို အာဏာပိုင်များက ထိထိရောက်ရောက် တားမြစ်ပိတ်ပင်နိုင်ခြင်းမရှိခဲ့။

‘‘ဖေ့စ်ဘွတ်ခ်က အခုနောက်ပိုင်း လူတိုင်းလိုလိုသုံးကြတဲ့အခါ လူတွေရဲ့ စိတ်ဝင်စားမှုကို တိုက်ရိုက်အထိရောက်ဆုံး မီဒီယာတစ်ခု ဖြစ်နေတယ်။ ဒီတော့ ဘာလေးပဲဖြစ်ဖြစ်၊ ဘာကိုပဲလူသိစေချင်ချင်၊ အသရေဖျက်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်နာမည်တက်စေချင်လို့ပဲဖြစ်ဖြစ် ဖေ့စ်ဘွတ်ခ်က အဓိကမီဒီယာဖြစ်နေတယ်။ အဓိကကတော့ လူတွေရဲ့ ဆင်ခြင်နိုင်စွမ်းပဲ။ ပြီးတော့ ကိုယ့်အကောင့်ထဲမှာ ကိုယ်မသိတဲ့လူတွေကို အများကြီးမထားသင့်ဘူး’’ဟု ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံသင်တန်းတက်ရောက်နေသော အသက်(၂၂)နှစ်အရွယ် မအိရွှေစင်ကပြောသည်။

ထို့အပြင် ဖေ့စ်ဘွတ်ခ်သတင်းဌာနများက သတင်းများကို တာဝန်ယူမှုအပြည့်ဖြင့် ဖော်ပြနေသော်လည်း သတင်းဌာနပေါင်းစုံက သတင်းထူး၊ သတင်းဦးများကို ပြန်လည်စုစည်းဖော်ပြသည့် ဖေ့စ်ဘွတ်ခ်အကောင့်များနှင့် သတင်းဌာနဆန်ဆန် စာမျက်နှာများကြောင့် သတင်းများအပေါ် ပြည်သူက အမှန်အမှားခွဲခြားရန်မှာ ခက်ခဲသွားကြောင်း သတင်းစာဆရာ စည်သူအောင်မြင့်က သုံးသပ်သည်။

‘‘သာမန်ပြည်သူတွေမပြောနဲ့။ ကျွန်တော်ကိုယ်တိုင်တောင် အမတ်ဦးလှဆွေအကောင့်အတုကို အစစ်ထင်ပြီး သတင်းရင်းမြစ်လွဲမှားပြီး သုံးလိုက်မိတယ်။ အခုခေတ်က နည်းပညာက သာမန်ပြည်သူတွေလက်ထဲရောက်လာပြီဆိုတော့ သတင်းအမှားတွေနဲ့ ပြည်သူကိုဒုက္ခပေးတာ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်တဲ့ ပြဿနာကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်စေဘဲ ခိုင်ခိုင်မာမာဖြေရှင်းပေးမယ့် အဖွဲ့အစည်းတစ်ခုတော့ လိုလာပြီ။ နိုင်ငံခြားမှာတော့ ကျွမ်းကျင်သူတွေရှိတယ်။ ဒီမှာက ဘယ်သူကမှ တာဝန်မယူတော့ လူထုက အကူအညီမဲ့နေတာပေါ့။ ဒုစရိုက်သမားတွေအတွက်က အကွက်အကွင်းဖြစ်နေတယ်’’ဟု ၎င်းကပြောသည်။

မကြာသေးမီက ရွေးကောက်ခံရသော စည်ပင်ကော်မတီဝင်ဆရာဝန်တစ်ဦးက မော်ဒယ်ပြိုင်ပွဲဆုရ သမီးငယ်ကို ဂုဏ်ပြုအနမ်းဖြင့် ပွေ့ဖက်သည့်ပုံများမှာ လူမှုကွန်ရက်စာမျက်နှာတွင် အဓိပ္ပာယ်တစ်မျိုးဖြင့် ပျံ့နှံ့ခဲ့သည်။ သားအဖမှန်းမသိသည့် ဓာတ်ပုံတရာတစ်ဦးက မော်ဒယ်ကို ပွေ့ဖက်နမ်းရှုပ်နေသည့် ဆရာဝန်၏ဓာတ်ပုံနှင့်တွဲ၍ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မှတ်ချက်ပြုရေးသားခဲ့ရာ ဆရာဝန်သားအဖတို့မှာ ပုဂ္ဂိုလ်ရေးထိခိုက်စေသည့် မှတ်ချက်များကို တစ်ဖက်သတ် ဝေဖန်ရေးသားခြင်းခံခဲရသည်။

မှားယွင်းသွားမှန်းသိသည့် ဓာတ်ပုံဆရာက အဆိုပါပို့စ်ကို ချက်ချင်းဖြုတ်ချပြီးနောက် ဖြေရှင်းချက်နှင့် တောင်းပန်စကားကို ပြန်လည်ရေးသားခဲ့သည်။ သို့သော် မူရင်းပို့စ်ကို ပြန်လည်မျှဝေ၍ ရေးသားမှတ်ချက်ပြုမှုများက လူမှုကွန်ရက်တွင် ၂၄ နာရီကျော်သည်အထိ ပျံ့နှံ့၍ကောင်းဆဲ။

ခက်သည်က ပရိုဖိုင်းပုံအမှန်လည်းမတင်၊ နာမည်အမှန်လည်းမရှိသည့် အကောင့်တု၊ အကောင့်ပုန်းဖြင့် ကျောင်းသားသပိတ်ကဲ့သို့ လှုပ်ရှားမှုများ၊ ကိုယ်မကျေနပ်သူတစ်ဦး (သို့မဟုတ်) အမျိုးသမီးငယ်များအား ပစ်မှတ်ထား အသရေဖျက်သည့် ရေးသားပြောဆိုဝေဖန်မှုများမှာ မြန်မာလူမှုကွန်ရက်စာမျက်နှာတို့တွင် တစ်စတစ်စများလာနေသည်။

အွန်လိုင်းအပုပ်ချမှုများကြားက နောက်ထပ်ဖြေရှင်းရခက်သည့် ပြဿနာမှာ အကောင့်များခိုးယူခံရခြင်းကြောင့် မြင်မကောင်းသည့် ပို့စ်များတင်ခြင်းကြောင့် မူရင်းအကောင့်ပိုင်ရှင်များ ဖြေရှင်းရခြင်းဖြစ်သည်။ ထို့ပြင် ကာယကံရှင်ကိုယ်တိုင်က ငယ်ရွယ်လွန်း၍ လုပ်သင့်မလုပ်သင့် မဝေခွဲနိုင်ဘဲ ပို့စ်တစ်ခု၊ ဓာတ်ပုံတစ်ပုံတို့ကို ဝေမျှခဲ့သည့် ပြဿနာများက ဖေ့စ်ဘွတ်ခ်ကုမ္ပဏီအပြင် အုပ်ထိန်းသူမိဘများပါ သတိထားရမည့် ပြဿနာတစ်ခုဖြစ်လာနေသည်။ မကြာသေးမီက ဦးလေးဖြစ်သူ၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်္ကျီကို ယူဝတ်၍ ဖေ့စ်ဘွတ်ခ်တင်မိသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးမှာ အွန်လိုင်းသုံးစွဲသူများ၏ ပျစ်ပျစ်နှစ်နှစ် ဝေဖန်တိုက်ခိုက်မှုကို ခံလိုက်ရသည်။

ထို့ပြင် အကြောင်းအမျိုးမျိုးဖြင့် အမြင်ကတ်ခံနေရသော မိန်းကလေးများ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များကို လိင်ပိုင်းဆိုင်ရာဖျော်ဖြေရေးပြုလုပ်သည့် ဖေ့စ်ဘွတ်နှင့် ၀က်ဘ်ဆိုက်စာမျက်နှာများတွင် ကူးယူဖော်ပြခြင်းကို ခံနေရသည်။ အထူးသဖြင့် ဖုန်းနံပါတ်များကို အလွယ်တကူတင်ထားခြင်းဖြင့် Viber မှတစ်ဆင့် မကြားဝံ့မနာသာ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုများကို အမျိုးသမီးငယ်များ ပြုလုပ်ခံနေရသည်။

‘‘ဘယ်ဟာက အမှန်လဲ အမှားလဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်မှာ ဒီလိုမထော်မနန်းအလုပ်ခံရတဲ့ သတင်းတွေကြားတော့ ကိုယ့်သမီးကို အရမ်းစိုးရိမ်တယ်။ ပုံတွေကို သူများကကူးပြီး မဟုတ်မဟတ်လုပ်လိုက်မှဖြင့် တစ်သက်လုံး အရိပ်တကြည့်ကြည့် စောင့်ရှောက်လာခဲ့တဲ့ ကိုယ့်သမီးလေး နာမည်ပျက်အရှက်ရမှာ စိုးရိမ်တယ်။ ကျွန်မကတော့ သမီးကို ဖေ့စ်ဘွတ်ခ်မှာ ပုံတွေသိပ်မတင်ဖို့ ပြောထားတယ်’’ဟု သာကေတမြို့နယ်မှ အသက် (၅၃) နှစ်အရွယ် ဒေါ်သင့်သင့်တင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေး၏ သတင်းထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း အင်တာနက်အသုံးပြုသူ ခုနစ်သန်းနှင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ သုံးသန်းကျော်ရှိနေပြီဖြစ်သည်။ ထိုစာရင်းများအရ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပုဂ္ဂိုလ်ရေးပုံဖျက်တိုက်ခိုက်ခံရသည့် ပို့စ်တစ်ခုအတွက် အချိန်ငါးမိနစ်ပြည့်အောင်ပင် စောင့်ဆိုင်းစရာမလိုပါ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန်တွင် တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးအစုအဖွဲ့သဏ္ဌာန် လှုပ်ရှားမှုများအပေါ် ပစ်မှတ်ထားသည့် ဆိုက်ဘာစစ်ပွဲဆင်နွှဲတိုက်ခိုက်မှုများက ပိုမိုမြင့်တက်လာနိုင်ခြေရှိနေပြီဖြစ်သည်။ မျိုးစောင့်ဥပဒေများကို လူ့အခွင့်အရေးရှုထောင့်က ဝေဖန်ထောက်ပြကြသော တက်ကြွလှုပ်ရှားသူများဆိုလျှင် ဖုန်းများဖြင့် ခြိမ်းခြောက်မက်ဆေ့ခ်ျပို့ခြင်းအပြင် အွန်လိုင်းတွင် ဓာတ်ပုံနှင့်တကွ အပုပ်ချတိုက်ခိုက်မှုများကို ခံနေရသည်။

အကျိုးဆက်ကတော့ လူ့အခွင့်အရေးဆိုသည်မှာ မြန်မာနိုင်ငံသားများအတွက် ကောင်းကျိုးမရှိဟု ထင်မြင်ယူဆအောင် လှုံ့ဆော်မှုများ ပလူပျံလာခဲ့ကြောင်း တန်းတူညီမျှမှုကွန်ရက်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောကြားသည်။‘‘ကျွန်တော်တို့က အမျိုးဘာသာသာသနာကို မစောင့်ရှောက်တဲ့သူဆိုပြီး နာမည်တွေတပ်ပြီး ဓာတ်ပုံတွေနဲ့ မဟုတ်တမ်းတရားတွေ လျှောက်ရေးတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေးကိုလည်း ထိခိုက်တယ်။ ဖုန်းနဲ့ ခြိမ်းခြောက်တာတွေကို ကျွန်တော်တို့ စနစ်တကျမှတ်တမ်းယူထားနိုင်ပေမယ့် အွန်လိုင်းက နာမည်မှန်လည်းမသုံးတဲ့ အကောင့်တွေကိုကျတော့ ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။ Personal Smear Campaing (ပုဂ္ဂိုလ်ရေးအပုပ်ချတိုက်ခိုက်မှု)တွေကတော့ အွန်လိုင်းမှာ အောက်တန်းကျတဲ့နည်းလမ်းတွေနဲ့ လုပ်ခံနေရဆဲပဲ’’ဟု ၎င်းကပြောသည်။

အကောင်းဆုံးမှာ ဖေ့စ်ဘွတ်သုံးသူတစ်ဦးအနေဖြင့် အရာရာကို ချက်ချင်းတုံ့ပြန်ခြင်းထက် အချိန်ခဏပေး၍ အမှားအမှန်ကို သုံးသပ်မှုအရင်ဆုံးလုပ်သင့်ကြောင်း အစိုးရ၀န်ထမ်းတစ်ဦးက သုံးသပ်သည်။

‘‘ဖေ့စ်ဘွတ်ခ်ဆိုတာ အရွယ်မျိုးစုံရဲ့ ခံစားမှုမျှဝေပေးတဲ့နေရာတစ်ခုလို့ ထင်ပါတယ်။ အဲဒီလို မျှဝေစာတွေအပေါ် တချို့ကလည်း ပါဝင်ခံစားပြီး ဒါက တကယ်လား၊ တင်ပြသူရဲ့ စိတ်ကူးလားဆိုတာ မဝေခွဲတော့ဘူး။ ကိုယ့်ဆန္ဒနဲ့တူရင် အမှန်ပေါ့။ မတူရင်တော့ အမှန်းဆိုပြီး တွေ့ရပါတယ်’’ဟု ၎င်းကဆိုသည်။

ထို့အပြင် ၎င်း၏အမည်ကိုတပ်၍ အွန်လိုင်းတွင် မကြာခဏပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ပြုလုပ်နေသူများကို လက်ရှိတည်ဆဲဥပဒေဖြစ်သည့် အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြင့် အရေးယူ၍ရသည်ကို မေ့မနေသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇာဂနာက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။

‘‘အနည်းဆုံးကတော့ ဒီအကောင့်တွေက ဘယ်သူတွေသုံးနေလဲဆိုတာ နည်းပညာကျွမ်းကျင်သူတွေနဲ့ ပြဿနာကို ခြေရာခံရင်သိပ်မခက်ပါဘူး။ ဗြောင်ငြင်းတာ ငြင်းလို့ရတယ်။ ဒါပေမဲ့ ဒီအဆင့်လောက်ကတော့ အစိုးရက စိတ်စေတနာရှိမယ်ဆိုရင် တရားရုံးအဆင့်လောက်နဲ့ ဖြေရှင်းလို့ရတယ်’’ဟု ဦးစည်သူအောင်မြင့်က ပြောသည်။ ယခုအခါ သတင်းထောက်အမျိုးသမီးငယ်အချို့၏ အကောင့်များမှ ဓာတ်ပုံများကိုကူးယူ၍ အဆိုပါအမျိုးသမီးတို့၏ ဓာတ်ပုံတို့ကိုသုံးကာ အကောင့်တုများဖွင့်ထားပြီး လိင်ပိုင်းဆိုင်ရာဓာတ်ပုံများ၊ ၀က်ဘ်ဆိုက်များဖြင့် ပုံဖျက်တိုက်ခိုက်မှုများ ကြုံနေရသည်။

‘‘ကျွန်မဓာတ်ပုံနဲ့ နာမည်ကိုယူပြီး အကောင့်တစ်ခုဖွင့်တာ သွားတွေ့တဲ့အချိန်မှာ သူ ဘာမှမရေးပေမယ့် တော်တော်တော့စိုးရိမ်သွားတယ်။ အတွေးပေါင်းစုံပေါ့။ ဘာရည်ရွယ်ချက်ကြောင့်လုပ်တာလဲ၊ ဘယ်သူများလဲဆိုပြီးပေါ့နော်။ အဲဒီလိုလုပ်တာသိတဲ့နေ့ကစပြီး ဖေ့စ်ဘွတ်ခ်ကိုပဲ တစ်ချိန်လုံးလိုလို ဖွင့်ထားမိပြီး အဲဒီအကောင့်ကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့တယ်။ သူ တစ်ခုခုများလုပ်မလား စိုးတာ။ သူငယ်ချင်းတွေလည်းဝိုင်းပြီး အကောင့်ပျက်အောင်လုပ်ပေးဖို့ အကူအညီတောင်းရတယ်’’ဟု The Trade Times အပတ်စဉ်ထုတ်ဂျာနယ် သတင်းထောက် မဇင်မို့မို့အေးကပြောသည်။

နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်မြင့်လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အွန်လိုင်းမှ ပုဂ္ဂိုလ်ရေးအပုပ်ချတိုက်ခိုက်မှုများမှာ ရေချိန်တဖြည်းဖြည်းမြင့်လာနိုင်ပါသည်။ အထူးသဖြင့် ထိလွယ်ရှလွယ်သော ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချနေကြောင်း ဝေဖန်မှုများရှိနေသည့် ရွေးကောက်ပွဲကြိုကာလ စောင့်ကြိုနေသည့် အွန်လိုင်းအပုပ်ချမှုများအပေါ် ပြည်သူများ၏ ချင့်ချိန်ဆင်ခြင်နိုင်စွမ်းကို အဖြေထုတ်ပေးတော့မည်ဖြစ်ပါသည်။

7day daily