ဂျက်ကီချန်း၏သား မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်(၆)လ ချမှတ်ခံရ

ပို့စ်တင်ချိန် - 2:58 PM



နာမည်ကျော် အက်ရှင်မင်းသား ဂျက်ကီချန်း၏ သားဖြစ်သူသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်(၆)လ ကျခံခဲ့ရကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ (၉)ရက်တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်၊ ဒေါင်ချောင်းမြို့နယ်ရှိ ပြည်သူ့ တရားရုံးက ဂျေစီချန်းအား ထောင်ဒဏ် (၆)လနှင့် ဒဏ်ကြေး ယွမ်ငွေ(၂၀၀၀) ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနှင့် သုံးစွဲမှု စွဲချက်များကို ဝန်ခံခဲ့ပြီးနောက် တရားရုံးက ယခုလို စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။

ဂျေစီသည် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သလို မိမိ၏ ပြစ်မှုကို ဝန်ခံခဲ့ခြင်း၊ သတင်းအချက်အလက်များ ပံ့ပိုးပေးခဲ့ခြင်းတို့ကြောင့် လျှော့လျှော့ပေါ့ပေါ့ စီရင်ချက်မျိုး ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

“ကျွန်တော်က ဥပဒေကို ချိုးဖောက်ခဲ့တဲ့အတွက် ပြစ်ဒဏ် ခံယူထိုက်ပါတယ်။ ကျွန်တော့်ကြောင့် လူတွေအများကြီး နာကျင်ခဲ့ရတယ်။ ပြစ်ဒဏ်စေ့လို့ လူ့အဖွဲ့အစည်းထဲ ပြန်ဝင်တဲ့အခါ ဒါမျိုး ထပ်မလုပ်တော့ဘူးလို့ ကျွန်တော် သေချာပေါက် ဆုံးဖြတ်ထားပါတယ်။ ပြစ်ဒဏ်ကို ကျွန်တော် ခံယူပါမယ်။ ဒါပေမဲ့ အဲဒါဟာ ခွင့်လွှတ်လိုက်တယ်လို့တော့ မယူဆပါဘူး။ လူတိုင်းရဲ့ ခွင့်လွှတ်မှုကို တကယ်တမ်း ရရှိဖို့အတွက် ကျွန်တော်ကိုယ်တိုင် အပြုအမူနဲ့ သက်သေပြရပါမယ်”ဟု ဂျေစီက ပြောကြားခဲ့သည်။

ဂျေစီသည် ဩဂုတ်လ (၁၄)ရက် ကတည်းက ထိန်းသိမ်းခံထားရသောကြောင့် အဆိုပါ ချုပ်ရက်များကို ပြန်နုတ်ပေးပါက ဖေဖော်ဝါရီ လလယ်ခန့်တွင် လွတ်မြောက်လာဖွယ် ရှိနေကြောင်း တရုတ် မီဒီယာများက ဖော်ပြခဲ့သည်။

ဂျေစီသည် ဖခင်ဖြစ်သူ ဂျက်ကီကဲ့သို့ပင် ရုပ်ရှင်မင်းသား တစ်ဦးဖြစ်ပြီး အဆိုတော် တစ်ဦးအနေဖြင့်လည်း လူသိများသည်။ ၎င်းသည် ဩဂုတ်လအတွင်း ရဲတပ်ဖွဲ့ စီးနင်းရှာဖွေမှု တစ်ခုတွင် ဆေးခြောက် (၁၀၀)ဂရမ်နှင့်အတူ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ၎င်းနှင့်အတူ အဖမ်းခံရသည့် ထိုင်ဝမ်မင်းသား ကိုချန်တန်ခေါ် ကိုင်ကိုသည်လည်း ဆေးခြောက် သုံးစွဲထားကြောင်း စစ်ဆေး တွေ့ရှိပြီးနောက် တရားစွဲဆို ခံရခြင်းဖြစ်သည်။

_Ref: Channelnewsasia
http://7daydaily.com/story/28984#.VK-OMyuUewg