ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေ ဖမ်းဆီးထိန်းသိမ်းထား

ပို့စ်တင်ချိန် - 3:32 PM

ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးတစ်ဦးနှင့်လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဖားကန့်ဒေသဂွေခါမှော်လမ်းပိုင်းတွင် ကေအိုင်အေက ဖမ်းဆီး ထိန်းသိမ်းထားသည်။

ဖားကန့်မှ မြစ်ကြီးနားသို့ သွားရောက်သည့် ပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးက မန်းဒူးနော်နှင့်အတူ လုံခြုံရေး လိုက်ပါလာသော ရဲတပ်ဖွဲ့ ၀င်သုံးဦးကို ဇန်န၀ါရီ ၁၄ ရက် နေ့လယ်က ကေအိုင်အေတပ်ရင်း (၆) က ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း သတင်းရရှိသည်။

အစိုးရက သတင်းထုတ်ပြန်ရာတွင် ၀န်ကြီးနှင့်အဖွဲ့ကို ဟွေလုံရွာအနီး၌ ကေအိုင်အေတပ်ဖွဲ့ ၀င် ၂၅ ဦးခန့်က သေနတ်ဖြင့်ပစ်ဖောက်၍ လမ်းပိတ်ဆို့ကာ ၀န်ကြီးအား လမ်းပေါ်၌ ထိုင်ခိုင်းပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ထို့နောက် ၀န်ကြီးနှင့် အဖွဲ့ကိုဆက်လက်ထွက်ခွာခွင့်ပြုသော်လည်း  ဒုရဲအုပ်မြင့်စိုးနှင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေ တပ်ရင်း (၆)သို့ ဆက်သွယ်မေးမြန်းရာ သတ်မှတ်ထားသည့်လမ်းကြောင်းမှမဟုတ်ဘဲ ရှေ့တန်းနယ်မြေအတွင်းသို့ လက်နက်နှင့် အတူဝင်ရောက်လာ၍ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ဖြေဆိုသည်။ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုမူ ဖမ်းဆီးခဲ့ခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင် သုံးဦးကိုသာစစ်ဆေး မေးမြန်းရန် ထိန်းသိမ်းခဲ့သည်ဟု ကေအိုင်အေဘက်ကဆိုသည်။

‘‘ရှေ့တန်းနယ်မြေမှာ ထိပ်တိုက်ရင်ဆိုင်တွေ့လို့ လက်နက် တွေပါတော့ လိုအပ်တာတွေမေးမြန်းဖို့ ခေါ်ယူစစ်ဆေးခဲ့တာ။ ကိုယ်ထိလက်ရောက်နှိပ်စက်တာလည်းမရှိဘူး။ ပြန်လွှတ်ပေးမှာပါ’’ဟု ကေအိုင်အေ တပ်ရင်း(၆) ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။ ‘‘ဖြစ်စဉ်က ဟုတ်ပါတယ်။  သတင်းရလို့ လိုက်ရှင်းလင်းတော့ ထိတွေ့မှုလေးတွေဖြစ်တယ်။ ဒါ က တပ်ပိုင်းဆိုင်ရာပါ’’ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိပ်တန်းအရာရှိတစ်ဦးကဆိုသည်။

မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း လိုင်ဇာဗိုလ်လောင်း သင်တန်းကျောင်းအား လက်နက်ကြီးပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက်တင်းမာမှုများ ရှိခဲ့သည်။

ထို့ကြောင့် တာဝန်ရှိသူများက ရဲတပ်ဖွဲ့ဝင်သုံးဦးအား အမြန် ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းရေးအဖွဲ့ဝင်ဒုဗိုလ်မှူးကြီး အဆင့်ရှိ ဦးနော်ဒီနှင့် မြစ်ကြီးနား မြို့ နည်းပညာဆိုင်ရာအကြံပေးအဖွဲ့မှ ဦးလမိုင်ခွန်ဂျာတို့ထံ ဆက်သွယ်ဆောင်ရွက်နေကြောင်း အစိုးရက ထုတ်ပြန်သည်။

7daydaily.com